International News

NETA Automobile ဒေဝါလီခံခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့်အခြေအနေဆိုင်ရာ တွေ့ရှိချက်များ

Last Updated:

၂၀၂၅  ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ National Enterprise Bankruptcy Information Disclosure Platform (NEBIDP)မှ ထုတ်ပြန်ချက်အရ NETA Auto ၏ မိခင်ကုမ္ပဏီဖြစ်သော Hozon New Energy Automobile Co., Ltd  ဒေဝါလီခံရန်ကိစ္စနှင့်စပ်လျဉ်း၍ သုံးသပ်မှုပြုလုပ်ပေးပါရန်လျှောက်ထားချက်အသစ်ကို Zhejiang ပြည်နယ် Jiaxing Intermediate People's Court မှ တရားဝင်လက်ခံခဲ့ကြောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာအေဂျင်စီအဖြစ် Zhejiang Zicheng Law Firm မှ ဆောင်ရွက်မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဒေဝါလီခံခြင်းဆိုင်ရာလုပ်ငန်းစဉ်ဆောင်ရွက်မှုအခြေအနေများ

တရုတ်နိုင်ငံ၏ ဒေဝါလီခံခြင်းဆိုင်ရာလုပ်ငန်းစဉ်တွင် အဓိကအားဖြင့် ဒေဝါလီခံရန်အတွက် တရားရုံးသို့ မြီစား သို့မဟုတ် မြီရှင်မှ လျှောက်ထားခြင်း၊ တရားရုံးမှ လျှောက်ထားချက် လက်ခံခြင်း၊ မြီရှင်များ အစည်းအဝေး၊ ဒေဝါလီခံခြင်း သို့မဟုတ် ပြန်လည်ဖွဲ့စည်းခြင်း စသည်ဖြင့် ပါဝင်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏လုပ်ငန်းများ ဒေဝါလီခံခြင်းဆိုင်ရာဥပဒေအရ  အခြေခံအချက်များအနေဖြင့်  မြီစားသည် ၎င်းတွင်ရှိသော အကြွေးများပေးဆပ်နိုင်မှုမရှိခြင်း၊ ပိုင်ဆိုင်မှုများသည် အကြွေးများအားလုံး ပေးချေရန် မလုံလောက်ခြင်း သို့မဟုတ် ကြွေးမြီများပြေလည်စေရေး ရှင်းရှင်းလင်းလင်း ဖြေရှင်းနိုင်မှုမရှိခြင်း စသည်တို့ ပါဝင်ကြောင်း သိရှိရသည်။

ဒေဝါလီခံခြင်းလုပ်ငန်းစဉ်တွင် မြီစား သို့မဟုတ် မြီရှင်သည် ဒေဝါလီခံရန်လျှောက်လွှာကို ပြည်သူ့တရားရုံးသို့ တင်သွင်းနိုင်ကြောင်း၊ မြီစားအနေဖြင့် ၎င်း၏ ပေးဆပ်ရန်ရှိသည့် အကြွေးအားလုံးကို ပေးချေရန် မလုံလောက်သည့်အခါ ၎င်း၏ပိုင်ဆိုင်မှုကို ဒေဝါလီခံရန် လျှောက်ထားနိုင်ကြောင်း သို့မဟုတ် မြီရှင်က မြီးစားအနေဖြင့် ကြွေးမြီများပေးဆပ်ရန် ရှင်းလင်းစွာဆောင်ရွက်နိုင်သည့် အခြေအနေမရှိလျှင် လျှောက်လွှာတင်သွင်းလျှောက်ထားနိုင်ကြောင်း သိရှိရသည်။

အဆိုပါလျှောက်လွှာကို လက်ခံရရှိပြီးနောက်၊ တရားရုံးသည် ၎င်းအနေဖြင့်လက်ခံဆောင်ရွက်ခြင်း ရှိ/မရှိပြန်လည်သုံးသပ်ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ လက်ခံပါက တရားရုံးသည် မြီရှင်များကို အကြောင်းကြားပြီး ကြေညာချက်ထုတ်ပြန်မည်ဖြစ်ကြောင်း၊  မြီရှင်များသည် ၎င်းတို့၏တောင်းဆိုချက်များကို တရားရုံးသို့ သတ်မှတ်ထားသောအချိန်အတွင်း အများအားဖြင့် ရက်ပေါင်း ၃၀ မှ ၉၀ အတွင်း ကြေငြာရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါမြီရှင်၏လျှောက်ထားခွင့်ကာလ ကုန်ဆုံးပြီးနောက် ဒေဝါလီခံခြင်းနှင့်သက်ဆိုင်သည့်ကိစ္စများကို ဆွေးနွေးရန် ပထမအကြိမ် မြီရှင်များအစည်းအဝေးကို တရားရုံးက ခေါ်ယူရန် လိုပါကြောင်း၊ လုပ်ငန်း၏အခြေအနေများပေါ်မူတည်၍ ဒေဝါလီခံ ဖျက်သိမ်းခြင်း သို့မဟုတ် ပြန်လည်ဖွဲ့စည်းခြင်းအား ဆက်လက်လုပ်ဆောင်ရန် တရားရုံးက ဆုံးဖြတ်မည်ဖြစ်ပါကြောင်း၊ ဒေဝါလီခံခြင်းဆိုင်ရာ အမှုအခင်းများတွင် ဖျက်သိမ်းခြင်းလုပ်ငန်းအတွက် တရားရုံးမှ ဖျက်သိမ်းရေးအဖွဲ့ကို ၁၅ ရက်အတွင်း တည်ထောင်ရမည်ဖြစ်ပါကြောင်း၊ ဖျက်သိမ်းရေးအဖွဲ့သည် လုပ်ငန်း၏ပိုင်ဆိုင်မှုများကို အကဲဖြတ်ရန်၊ ခွဲဝေဖြန့်ဖြူးရေးအစီအစဉ်များ ရေးဆွဲချမှတ်ခြင်းနှင့် ဒေဝါလီခံရေးဆိုင်ရာကုန်ကျစရိတ်များနှင့် ဝန်ထမ်းလုပ်ခများကို ပေးဆောင်ရန် ဦးစားပေးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဖျက်သိမ်းမှုလုပ်ငန်းစဉ်ပြီးမြောက်ပါက တရားရုံးသည် ဒေဝါလီခံမှုလုပ်ငန်းစဉ်များကို ရပ်ဆိုင်းရန်နှင့် မှတ်ပုံတင်ဖျက်သိမ်းခြင်းတို့ကို တရားရုံးမှဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ ဒေဝါလီခံရေးလုပ်ငန်းစဉ်အသစ်အရ  အသေးစားနှင့် အငယ်စားလုပ်ငန်းများအတွက်၊ ဒေဝါလီခံမှု လုပ်ငန်းစဉ်များမှာ ၆ လအတွင်း အပြီးသတ်နိုင်ကြောင်း၊ အထူးအခြေအနေကိစ္စရပ် အလိုက် ကွာခြားမှုရှိနိုင်ကြောင်းလည်း သိရှိရသည်။

Neta Auto ၏ မိခင်ကုမ္ပဏီ ဒေဝါလီခံခြင်းနှင့်စပ်လျဉ်း၍ တရားရုံးမှလုပ်ငန်းစဉ်ဆောင်ရွက်နေစဉ် အတွင်း  ရင်းနှီးမြှုပ်နှံသူများရှာဖွေလျက်ရှိ

Neta Auto ၏ မိခင်ကုမ္ပဏီ Hozon Auto သည် တရားရုံးမှ ဒေဝါလီခံခြင်းဆိုင်ရာလုပ်ငန်းစဉ် လက်ခံဆောင်ရွက်နေစဉ်အတွင်း ရင်းနှီးမြှုပ်နှံသူအသစ်များရှာဖွေလျက်ရှိကြောင်း၊ Hangzhou Intermediate People’s Court အနေဖြင့် အဆိုပါအမှုတွဲကို ၁၂-၆-၂၀၂၅ ရက်နေ့တွင် လက်ခံခဲ့ပြီး လုပ်ငန်းစဉ်များ ကြီးကြပ်ဆောင်ရွက်ရန် စီမံခန့်ခွဲနိုင်ခွင့်ရှိသူ ပူးတွဲခန့်အပ်ထားခဲ့ကြောင်း၊ ယခုအခါ အဆိုပါ စီမံခန့်ခွဲနိုင်ခွင့်ရှိသူမှ ကုမ္ပဏီပြန်လည်အသက်ဝင်လာစေရန်နှင့် ၎င်း၏ပိုင်ဆိုင်မှုတန်ဖိုး အမြင့်ဆုံးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီပြန်လည်ဖွဲ့စည်းမှုကို လျင်မြန်စွာပံ့ပိုးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံ သူများကို ရှာဖွေလျက်ရှိကြောင်း၊ Hozon Auto ၏ ပိုင်ဆိုင်မှုများတွင် စက်မှုလုပ်ငန်းဆောင်ရွက် နိုင်သည့်မြေ၊ ထုတ်လုပ်ရေးကိရိယာများ၊ "Neta Auto" အမှတ်တံဆိပ်ကဲ့သို့ ဉာဏပစ္စည်းပိုင်ဆိုင်မှုနှင့် တရုတ်၊ ထိုင်း၊ နှင့် အင်ဒိုနီးရှားနိုင်ငံရှိများတွင် အမျိုးမျိုးသော ထုတ်လုပ်မှုနှင့် တပ်ဆင်ခြင်း လုပ်ငန်း များပိုင်ဆိုင်ထားကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သော်လည်း ကုမ္ပဏီသည် ၎င်း၏စီမံခန့်ခွဲမှုအဖွဲ့နှင့် နည်းပညာဆိုင်ရာဝန်ထမ်းများအပါအဝင် ဝန်ထမ်း ၄၀၀ ကျော် ကို ထိန်းသိမ်းထားရှိကြောင်း၊ လုံလောက်သည့် ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ငန်းများ ပြန်လည်စတင်နိုင်သည့် ၎င်း၏ ထုတ်လုပ်မှု အဆောက်အအုံများမှာ လုပ်ငန်းလည်ပတ်ရန်ရှိနေဆဲဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံသူများသည် ဘဏ္ဍာရေးတည်ငြိမ်မှုနှင့် တရားရေးဆိုင်ရာကိစ္စရပ်များ ကင်းရှင်းကြောင်း မှတ်တမ်းများအပါအဝင် အခြားသော သီးခြားသတ်မှတ်ချက်များနှင့်ပြည့်မီရမည်ဖြစ်ကြောင်း၊ ချက်ချင်း  ရန်ပုံငွေ ကမ်းလှမ်းသူများကို ဦးစားပေးမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုပြန်လည်စတင်ခြင်း၊ ဝန်ထမ်းအစီအစဉ်များနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာဗျူဟာများ ပါ၀င်သော အသေးစိတ်ရင်းနှီးမြုပ်နှံမှုအစီအစဥ်  တင်သွင်းသူများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု သိရှိရသည်။

NETA ကုမ္ပဏီပြိုလဲပါက ဖြစ်နိုင်ခြေရှိသည့်အလားအလာများ

NETA ကုမ္ပဏီပြိုလဲ၍ ထောက်ပံ့မှုများ ရပ်ဆိုင်းသွားပါက အရောင်းကိုယ်စားလှယ် ကွန်ရက်တစ်ခုလုံး ပြိုလဲသွားနိုင်ကြောင်း၊ အကျိုးဆက်အနေဖြင့် အပိုပစ္စည်းထောက်ပံ့မှုကွင်းဆက်များအားလုံး ပြိုပျက်သွားမည်ဖြစ်ကြောင်း၊ သုံးစွဲသူများအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း၊ ထို့အပြင် အာမခံဝန်ဆောင်မှုများသည် လုံး၀ပျောက်ကွယ်သွားနိုင်ကြောင်းနှင့် ယာဉ်၏သက်တမ်းကိုလည်းထိခိုက်စေနိုင်မည်ဖြစ်ကြောင်း၊ အာမခံကုမ္ပဏီများအနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများပြောင်းလဲနိုင်ကြောင်း၊ NETA အနေဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ထိုင်းနိုင်ငံရှိ dealers များထံ ပေးဆောင်ရန်ပျက်ကွက်မှုများရှိပြီး အကျပ်အတည်းများကို ပိုမို ဆိုးရွား စေခဲ့ကြောင်း ထိုင်းနိုင်ငံရှိ dealers များတွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်းနှင့် NETA အမှတ် တံဆိပ်၏ ဂုဏ်သတင်းနှင့် ဝယ်ယူသူများ၏ ယုံကြည်မှုဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများစွာ ခံစားရနိုင်ခြေများရှိကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရှိရသည်။

NETA ကုမ္ပဏီဒေဝါလီခံခြင်းနှင့် တရုတ် EV Market ခိုင်မာမှုအခြေအနေ

Neta Auto ၏ ဒေဝါလီခံခြင်းနှင့်ပြန်လည်ဖွဲ့စည်းရန်ကြိုးပမ်းနေသည့်အခြေအနေများအရ တရုတ်နိုင်ငံ EV ကားများသည် များပြားသည့် အရောင်းကိန်းဂဏန်းများ ရှိနေသော်လည်း၊ တရုတ်နိုင်ငံ၏ EV စျေးကွက်ခိုင်မာမှုနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်ရိုက်ခတ်မှုများရှိကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ EV ရောင်းချမှု အစီးရေ ၁၁ သန်း၊ ယခင်နှစ်ကာလတူထက် ၄၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ကမ္ဘာ့EV ရောင်းချမှုဈေးကွက်ကိုလွှမ်းမိုးထားရှိကြောင်း၊ တရုတ် EV ကုမ္ပဏီ များစွာမှာကားအစီးရေသောင်းနှင့်ချီ၍ ရောင်းချရသော်လည်း အမြတ်အစွန်းမရမှုများ ရှိနေဆဲဖြစ်ကြောင်း၊ တစ်ဦးချင်းစီထုတ်လုပ်သူများအတွက် သိသာထင်ရှားသော စိန်ခေါ်မှုများရှိနေကြောင်း၊ တရုတ်နိုင်ငံ EV ကဏ္ဍတွင် စျေးကွက်ကြီးထွားမှုနှင့် ကုမ္ပဏီများ၏ ရုန်းကန်နိုင်ခြေကွာခြားမှု ပြင်းထန်သော ပြိုင်ဆိုင်မှုနှင့် ထုတ်လုပ်ခြင်းပိုလျှံမှု အနေအထားများက မီးမောင်းထိုးပြလျက်ရှိကြောင်း၊  အစိုးရ၏ ထောက်ပံ့ကြေးများသည် လျင်မြန်စွာတိုးချဲ့ ဆောင်ရွက်နိုင်သော်လည်း ရေရှည်တည်တံ့သော စီးပွား ရေး ပုံစံများတွေ့မြင်ရန်ခက်ခဲနေဆဲဖြစ်ကြောင်း၊Neta Auto ကဲ့သို့ များပြားလှသောပိုင်ဆိုင်မှုများနှင့် ထုတ်လုပ်မှု စွမ်းရည်ရှိသော ကုမ္ပဏီများပင် ယင်းပြိုင်ဆိုင်မှုပြင်းထန်သည့် ပတ်ဝန်းကျင်တွင် ရုန်းကန် နေရသည့်အနေအထားကို ဥပမာတစ်ခုအဖြစ် ပြသလျက်ရှိကြောင်းလည်း တွေ့ရှိရသည်။

NETA ကုမ္ပဏီအနေဖြင့် တရားရုံးမှ ဒေဝါလီခံခြင်းဆိုင်ရာလုပ်ငန်းစဉ်ဆောင်ရွက်နေစဉ်အတွင်း စီမံခန့်ခွဲရန် တာဝန်ပေးအပ်ထားသူမှ ရင်းနှီးမြှုပ်နှံလိုသည့်လုပ်ငန်းရှင်အသစ်များကို ရှာဖွေလျက် ရှိကြောင်း၊ NETA ကုမ္ပဏီပြိုလဲပါက နာမည်ဂုဏ်သတင်းကျဆင်းမှုနှင့်အတူ အဆိုပါကုမ္ပဏီမှ ထောက်ပံပေးနိုင်သည့် ကွင်းဆက်များ ရပ်ဆိုင်းသွားနိုင်ပြီး ရောင်းချသူများအခက်အခဲ ကြုံတွေ့မည် ဖြစ်ကြောင်း၊ သုံးစွဲသူများအတွက် ပြန်လည်ပြုပြင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်မည်မဟုတ်ကြောင်း၊ ယာဉ်အာမခံသက်တမ်း ထိခိုက်ခြင်းနှင့်အာမခံဝန်ဆောင်မှုများ လုံး၀ ပျောက်ကွယ်သွားနိုင်ကြောင်း၊ အာမခံကုမ္ပဏီများ၏လုပ်ထုံးလုပ်နည်းများလည်း ပြောင်းလဲနိုင်ကြောင်း၊ လျှပ်စစ်ကားများအပေါ် ဝယ်ယူသူများ၏ ယုံကြည်မှုများ ကျဆင်းနိုင်ကြောင်းနှင့် NETA ကုမ္ပဏီအနေဖြင့် တရားရေးရုံးမှ လက်ရှိဆောင်ရွက်လျက်ရှိသည့် ဒေဝါလီခံခြင်းဆိုင်ရာ လုပ်ငန်းစဉ် များအတိုင်း လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုးကားစာရင်း

http://www.haoyunlawyer.com/hyxw/9660.html

https://www.bing.com/search?q=%E4%B8%AD%E5%9B%BD%E7%A0%B4%E4%BA%A7%E7%A8%8B%E5%BA%8F&qs=n&form=QBRE&sp=-1&lq=0&pq=%E4%B8%AD%E5%9B%BD%E7%A0%B4%E4%BA%A7%E7%A8%8B%E5%BA%8F&sc=3-6&sk=&cvid=EBF212E954024D43A7E362C05B849E2B&ajf=60&mkt=zh-CN

https://www.gov.cn/flfg/2006-08/28/content_371296.htm

https://www.techinasia.com/news/neta-ceo-apologizes-dealers-ev-firm-struggles-survive

https://www.thaiexaminer.com/thai-news-foreigners/2025/06/13/chinese-ev-network-dealers-ask-excise-department-to-clarify-the-payment-of-vehicle-subsidies-to-neta/

Source : (သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့)   

Category: International News